မြစ်သားမြို့နယ်တွင်  မိုး၊မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၁) ဦးပိုင်အမှတ် (၁၀၀)ရှိ တောင်သူ ဦးအောင်မြင့်၏ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုးသစ် (၈)မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)စုစုပေါင်း(၉)မျိုးနှင့် မိုးချည်မျှင်ရှည်ဝါနှင့်မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ခင်းများ အားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်မှ ယမန်နေ့မွန်းလွဲ (၃)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ခင်းတွင်ပြည်ထောင်စုဒုတိယဝန်ကြီးမှအရည်အသွေးကောင်းမွန်သည့်မျိုးများဖြစ်လာအောင်မျိုးရိုးဗီဇရွေးချယ်ခြင်းနည်းဖြင့် ဒေသရေမြေရာသီဉတုနှင့်ကိုက်ညီသည့် အထွက်ကောင်းဝါမျိုးသစ်များ ရရှိလာအောင်ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ဝါလုပ်ငန်းရှင်ကြီးများ၊ တောင်သူများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ပါကအရည်အသွေးနှင့် အထွက်နှုန်းကောင်းပြီး မျိုးကောင်းမျိုးသန့်များ ပေါ်ထွန်း လာမည်ဖြစ်ကြောင်း အကျယ်တဝင့် လမ်းညွှန်မှာကြားခဲ့သည်။

မိုး၊ မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ခင်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး၏ ကွင်းစစ်ဆေးလမ်းညွှန်မှုတွင် တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း၊ ခရိုင်ဦးစီးမှူးဦးချစ်ဆွေဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ငါးလုပ်ငန်း ဦးစီးဌာနခရိုင်ဦးစီးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခရိုင်ဦးစီးမှူး၊ မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။   

သီတာအောင်(မြစ်သား)