စဉ့်ကိုင် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အငြိမ်းစား ဆရာ/ဆရာမကြီးများအားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အ-ထ-က(စဉ့်ကိုင်)သဇင်ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူ ကလေးငယ်များက မြတ်ဆရာသီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်ကဖတ်ကြားခဲ့သည်။ ဆက်လက်၍ ကုလသမဂ္ဂလက်အောင်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက စုပေါင်းပေးပို့သော သဝဏ်လွှာကို မြို့နယ်ပညာရေးမှူးကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီကဖတ်ကြားခဲ့သည်။
ထို့နောက်အသက် (၇၀)နှစ်နှင့် အထက် ဆရာကြီး/ ဆရာမကြီးများအား ပူဇော်ကန်တော့၍ ဆရာကြီး၊ ဆရာမကြီး (၁၁၁)ဦးအား တစ်ဦးလျှင် ကန်တော့ငွေ ၃၀၀၀၀ ကျပ် (သုံးသောင်း)ကျပ်နှုန်းဖြင့် ပူဇော်ကန်တော့ခဲ့ပြီး၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကိုယ်စားအငြိမ်း စားဆရာကြီး ဦးအောင်စည်က ဆုံးမဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)