ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ(၄)ရက်နေ့က အမောက်ဝဲစံပြကျေးရွာတွင် စီမံကိန်းအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်း (မွမ်းမံ)သင်တန်းဆင်းပွဲကိုကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊လက်ထောက်ညွှန်ကြားရေးမှူးဦးရဲဇော်ထွန်းက ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း(၇)ခုအား ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့ပြအပါအဝင်ကျေးရွာ(၁၅၅)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းအနက်အမောက်ဝဲစံပြကျေးရွာတွင် ဦးစီးဌာနမှ ခေတ်မီစံကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး စီမံကိန်းအားဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးဦးရဲဇော်ထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင်စိုး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စီမံကိန်း လုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီအဖွဲ့ခေါင်းဆောင်တို့က သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦး ကိုသင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးတို့ကို လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ကာ သင်တန်းသား/သူများကိုလည်း သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများကို အမှတ်တရပေးအပ်သည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ(၂၀)ရက်နေ့မှ အောက်တိုဘာလ(၄)ရက်နေ့အထိ (၁၅)ရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ကလေးဝတ်/အမျိးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများစသည့် ဘာသာရပ်များကို စာတွေ့(၃၀%)၊ လက်တွေ့(၇၀%) သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဝင်းဇော် - ပြန်/ဆက်(မှော်ဘီ)