မြစ်သား အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုသောအားဖြင့် အသက်(၇၀)နှစ်နှင့်အထက် ပညာရေးဝန်ထမ်း အငြိမ်းစား ဆရာကြီး ၊ ဆရာမကြီးများအား အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(မြစ်သား)ကျောင်းကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်ကဖတ်ကြားပြီး အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ရန်တက်ရောက်လာကြသည့် မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှဆရာ၊ ဆရာမများက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ်အတွင်းရှိ ကန်တော့ခံရန်စာရင်းရှိသူ အသက်(၇၀)နှစ်နှင့်အထက် ပညာရေးဝန်ထမ်းအငြိမ်းစား ဆရာကြီး၊ ဆရာမကြီး(၁၀၅)ဦးကို တစ်ဦးလျှင် ငွေသုံးသောင်းကျပ်လှူဒါန်း ပူဇော်ကန်တော့ခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာရွက်ဆိုပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးတာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)