ပန်းဘဲတန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

ပန်းဘဲတန်း အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ် သက်ပြည့်ပင်စင်ယူသွားကြသော အသက်(၇၀)နှစ်အထက်  ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယ​မန်နေ့မွန်းလွဲ(၁)နာရီတွင် အ.ထ.က‌(၁)ဧကရီခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာရဲကဖတ်ကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးတင်အောင်မိုးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏  အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ဖတ်ကြားရာတွင် ယနေ့ခေတ်တွင် လျင်မြန်စွာပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွက် လိုအပ်သောပြောင်းလဲမှုကိုဖြစ်စေသည့် ဆီလျော်ပြီးဆန်းသစ်သောသင်ကြားနည်းပညာများကို သင်ယူသူများအတွက် အဆင်သင့်ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ဆရာများသည်အရေးပါသောမဏ္ဍိုင်များထဲမှ တစ်ခုဖြစ်သည့်အတွက် ဤအရေးပါသောပြောင်းလဲမှုသည် ဆရာ၊ ဆရာမများအပေါ်တွင် မူတည်နေပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အတွင်းရှိ  ကျောင်းအုပ်ကြီးများ၊  သက်ပြည့်ပင်စင်ယူသွားကြသော  ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံများရိုက်ကူးခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးတို့အား ကန်တော့ခံပစ္စည်းများဖြင့် တစ်ဦးချင်းစီပေးအပ်ဂါရဝပြုခဲ့ပြီး  မြတ်ဆရာပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာမကြီးတစ်ဦးမှ  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဦးဆန်းကြည်