မင်းတပ်မြို့၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းတပ်  အောက်တိုဘာ  ၁၆

မင်းတပ်ခရိုင်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မင်းတပ်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းတပ်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာ စကားပြောကြားရာတွင် မင်းတပ်ခရိုင်အတွင်းရှိ ဒေသများသည် မျိုးနွယ်စုအလိုက် ရိုးရာဓလေ့ ထုံးစံများကို ယနေ့အထိ ထိန်းသိမ်း ထားနိုင်သောဒေသဖြစ်၍ နိုင်ငံတကာခရီးသွားများ၏ စိတ်ဝင်စားရာဒေသဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ ပြီးဆုံးသွားပါက ခရီးသွား လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်တိုးမြင့်လာနိုင်ရေးအတွက် ဒေသခံဧည့်လမ်းညွှန်အဖွဲ့၊ ဒေသအစားအစာ ရောင်းချသည့်ဆိုင်များနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကြိုတင်ပြင်ဆင် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးအတွက် လမ်းသစ်ဖောက်လုပ်ခြင်းနှင့် လမ်းတာချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသ၏ အမှတ်သင်္ကေတ တစ်ခုဖြစ်သည့် တောင်ဇလပ်ပန်းပင်များ ထိခိုက်ပျက်စီးမှု နည်းပါးစေရန်နှင့် တောင်ဇလပ်ပန်းပင်များ ထပ်မံတိုးပွားလာစေရေးအတွက် စိုက်ခင်းများ ပြုလုပ်ထိန်းသိမ်း သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဘင်နီဖိုင်းက တောင်ဇလပ် (အနီ၊အဖြူ၊အဝါ)၊ ရှားပါးသစ်ခွများနှင့် ကျေးငှက်သားရဲတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြင့် မင်းတပ်ခရိုင်၏ အနာဂတ်ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည်ဖြစ်၍ သစ်တောဦးစီးဌာနနှင့် ပြည်သူများပူးပေါင်းထိန်းသိမ်း သင့်ကြောင်းနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်စွာအရေးယူခြင်း ဆောင်ရွက် မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေခဲ့ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)