နမ့်ခမ်း ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ လွတ်လပ်ရေးကျောက်တိုင်ရှိရာ ပန်ပွဲကွင်း၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အလေးပြုအခမ်းအနားကို ယနေ့ နံနက် (၄) နာရီ (၂၀) မိနစ် အချိန်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကိုတင်၍ အလေးပြုပြီးနောက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့် ရဲဘော် အပေါင်းတို့အား အလေးပြုခဲ့ကြပါသည်။ အလံတင် အလေးပြုအခမ်းအနားသို့ နမ့်ခမ်းမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်မှ ပြည်သူများ ( ၁၀၀ )ဦးခန့်တို့ တက်ရောက်ခဲ့ပါသည်။
နံနက် (၇) နာရီ အချိန်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ သဝဏ်လွှာ ဖတ်ကြားပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ဆက်လက်ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာကို နမ့်ခမ်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက်တွင် မြို့နယ်အဆင့် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အတွက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီုပြိုင်ပွဲမှ ဆုရကျောင်းသူ ကျောင်းသား (၉)ဦးတို့အား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်ကို နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ဖြန့်ဝေခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ နမ့်ခမ်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့များ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ(၂၀၀)ဦးခန့်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆိုင်ထွန်း(နမ့်ခမ်း)