မြဝတီ ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် အလင်းရောင်မိုး မှန်လုံယာဉ်နှင့် မြဝတီမှထွက်ခွာသည့် ပရိုဘောက်ယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ၇ ဦးလုံးသေဆုံးခဲ့ပြီး မှန်လုံယာဉ်နှင့် ပရိုဘောက်ယာဉ်မှ သေဆုံးသူ ကျား ၁၂ ၊ မ ၆ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသူ ၁၈ ဦးတွင် မြဝတီခရိုင်ဆေးရုံကြီးသို့ ရောက်ရှိရာမှ ကျား ၁ ဦး၊ မ ၁ ဦး ထပ်မံ သေဆုံးခဲ့ခြင်း ဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အားလည်း မြဝတီခရိုင်ဆေးရုံကြီးတွင် ကုသဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ မှန်လုံယာဉ်သည် အလင်းရောင်မိုး ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှဖြစ်ပြီး ရန်ကုန်မှ မြဝတီသို့ ယာဉ်မောင်း ခင်စိန် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ဝင်းဇော်တို့နှင့်အတူ ခရီးသည် ၄၅ ဦးလိုက်ပါ စီးနင်းခဲ့ခြင်းဖြစ်ကာ စီးနင်းလိုက်ပါသူအများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ အများဆုံး ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာသို့ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေး မှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးကြပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (မြဝတီ)မှ ကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)