မိုင်းယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းအသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာ စောင်များ အခမဲ့ဖြန့်ဝေ

 

မိုင်းယန်း     အောက်တိုဘာ      ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် ရွေး‌ကောက်ပွဲဆိုင်ရာ မဲစာရင်း အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၆ နာရီအချိန်က မြို့မဈေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယန်းမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်သိန်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မတီ အဖွဲ့ဝင်များသည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များကို မြို့မ‌ဈေးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးဝယ်လာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နောက်ဆုံးအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ၊ အချက်အလက်မှန်ကန်မှု ရှိ /မရှိ နောက်ဆုံးအကြိမ် သွား‌ရောက်ကြည့်ရှု စစ်ဆေးနိုင်ပြီး Online မှတစ်ဆင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးနိုင်သည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေး ကာလအတွင်း ဘေးကင်းလုံခြုံရေး မဲပေးနိုင်ရေး လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအနေဖြင့် မိမိနာမည် မပါဝင်ပါက ပုံစံ-၃ ဖြင့်ဖြည့်စွက်ရန်၊  မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ-၄ ကို ဖြည့်စွက်၍ ကန့်ကွက်လျှောက်ထားရန်၊  မဲဆန္ဒရှင်စာရင်းပါ မိမိကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ဖြည့်စွက်ပြင်ဆင်ရန် စသည့်အချက်များ ပါဝင်‌သည်။

 

ထွန်းထွန်းထူး(ပြန်/ဆက်)