စိုက်ပျိုးရေးဌာနမှ ရိခေါ်ဒါရ်မြို့တောင်သူများထံ ဝဥမျိုးစေ့ အခမဲ့ဖြန့်ဝေပေး

ရိခေါ်ဒါရ်  ဖေဖော်ဝါရီ ၂၇

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိခေါ်ဒါရ်မြို့ဒေသ စိုက်ပျိုးရေး ထုတ်ကုန် ပိုမိုဖွံ့ဖြိုးမြှင့်တင်နိုင်ရေးနှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေ ပိုမိုတိုးပွားစေရေးအတွက်  တောင်သူဦးကြီးများထံ ဝဥမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးမှူး ဦးလန့်ခေါထန်က ဝဥမျိုးစေ့ဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ဝဥစိုက်ပျိုးရာတွင် GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေးနည်းလမ်းများ၊ စိုက်ခင်း နှင့် ပျိုးပင်များ ပြုစု ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာများကို တောင်သူဦးကြီးများထံ အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးသည်။

ထို့နောက် ရိခေါ်ဒါရ်မြို့ မြို့ပေါ်ရပ်ကွက် နှစ်ခုမှ တောင်သူဦးကြီး ၁၇ ဦးထံသို့ တစ်နှစ် သား ဝဥမျိုးစေ့  ၃၉၇၆ ပိဿာကို အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ပြီး တောင်သူများ ဝမ်းသာ အားရကျေနပ်မှုရှိ ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)