ရွှေကူမြို့ မြို့မစျေးအတွင်းရှိ ရောင်းချနေသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ရွှေကူ  မတ်  ၁၉

ကချင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဗန်းမော်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရွှေကူမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီတွင် ရွှေကူမြို့ မြို့မစျေးတွင် ရောင်းချနေသော အစားအသောက်များနှင့် သက်တမ်းလွန် ပစ္စည်းများကို စစ်ဆေးခဲ့သည်။

ရွှေကူမြို့ မြို့မစျေးအတွင်းရှိ စားသောက်ကုန်ရောင်းချဆိုင် ၁၄ ဆိုင်နှင့် အလှကုန်ဆိုင် ၇ ဆိုင်တွင် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများနှင့် တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများနှင့် စားသောက်ကုန်နမူနာ (၂၃)မျိုး ဝယ်ယူကာ စားသုံးရန် သင့်မသင့်ကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ရွှေကူမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)