သံတောင်ကြီး မတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်သည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက လတ်တလော ဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ၊ ကိုရိုနာဗိုင်းရပ်စ်သည် အသက်ရှုလမ်းကြောင်းမှတဆင့် တိုက်ရိုက်ကူးစက်မှုများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လူစုလူဝေးနေရာများ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာကျန်းမားရေးဌာနများသို့ သွားရောက်ကုသမှု ခံယူကြရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်မိရပ်ဖများ၊ ဒေသခံများက ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းပြီး မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)