ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကိုယ်ပိုင်ကျေးလက်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင် ဖေဖော်ဝါရီ ၂၇

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ မတော်တဆ မီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင် ကျေးလက်ဈေးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနနှင့် ဆိုက်ခေါင် ဈေးကော်မတီတို့ ပူးပေါင်း၍ ဈေးမီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးကြိုတင်ကာကွယ်ရေးကို ဆိုက်ခေါင်ဈေးအတွင်းရှိ ဈေးသူ/ဈေးသားများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦးက ပြည်သူများသိသင့်သိထိုက်သည့် လျှပ်စစ်နှင့်ပတ်သက်သည့်အသိပညာများကိုလည်းကောင်း၊ ဆိုက်ခေါင်မီးသတ်စခန်းမှ တာဝန်ခံ ဦးစိုင်းတေဇာလင်းက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ် ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ ဈေးအတွင်းရှိ မီးသတ်ရေလှောင်ကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦး၊  ဆိုက်ခေါင် မီးသတ်စခန်းမှ တာဝန်ခံ ဦးစိုင်းတေဇာလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆိုက်ခေါင်ဈေးကော်မတီဝင်များ၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်းနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)