ရိခေါ်ဒါရ် အောက်တိုဘာ ၇
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များပူးပေါင်း ပြီး ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူ ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိကြပ်မတ် စစ်ဆေးခြင်းကို အောက်တိုဘာ ၅ ရက်က ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် အပြင်ထွက်သွားလာသူ ပြည်သူများအနေဖြင့် နေအိမ်အပြင် ဖက်သို့ထွက်သွားတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို အလေ့အထတစ်ခုအဖြစ် ကျင့်သုံး နိုင်စေရေးအတွက်ရည်ရွယ်၍ ကြပ်မတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးထုတ်ပြန်ချက်များနှင့် ဒေသအတွင်းထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်များဖြင့် ရပ်ကွက်အတွင်း အသိပညာပေး လှည့်လည် ဆော်သြခြင်းကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ယခုအခါပညာပေး ကာလကုန်ဆုံးပြီဖြစ်၍ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းမရှိပဲ နေအိမ်ပြင်ပသို့ ထွက်သွားလာသူ ပြည်သူများအား ဒဏ်ငွေရိုက်ကြပ်မတ် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရပ်ကွက်အတွင်း ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိကြပ်မတ်စစ်ဆေးခြင်းကို နေ့စဉ် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)