ကျိုက်ဒုံ ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်၄ရပ်ကွက်၊ မိတန်ဘုန်းတော်ကြီးကျောင်း အောက်ကွင်း ဦးအညာကိုင်းတော၌ ယနေ့နံနက်၉နာရီက စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှမြင့်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများမှ တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က အမှာစကားပြောကြားရာ၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းစေရန်၊ စားသုံးသူဘေးအန္တရာယ်ကင်းစင်စေရန် တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေး အတွက်ရည်ရွယ်၍ တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှမြင့်မှ ယနေ့ခေတ်တွင် ဓာတု ဓာတ်မြေသြဇာများကို တွင်ကျယ်စွာအသုံးပြု လာကြသည်။ ဓာတုဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသောဘေးထွက် ဆိုးကျိုးများကြောင့် မြေဆီလွှာ ထိခိုက်မှု များဖြစ်ပေါ်လျှက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ထိုကြောင့်တောင်သူများဖြင့် စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းများ၊ သဘာဝ အပင်အားတိုးဆေးရေနှင့် ပိုးနှင်ဆေးရေဖျော်စပ် သုံးစွဲ နည်းများအား တောင်သူများအသုံးပြုတက်စေရန်အတွက် စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့များမှ သဘာဝ ပိုးနှင် ဆေး၊ ငါးအမိုင်နိုအက်ဆစ်ဖျော်စပ်နည်းစနစ် လက်တွေ့ပြုလုပ်ပြသခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ပေးခဲ့ပြီး နံနံပင်မျိုးစေ့များနှင့် တောင်သူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲသို့မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ နယ်မြေစခန်းမှူးရဲအုပ်ထွန်းနေဦး၊ မြေစာရင်းဌာနမှ ဦးစီးမှူးဦးမင်းအောင်ချမ်း၊ စည်ပင်ဦးစီးမှူးဦးသန့်ဇော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံဦးစောပန်းစိန်၊ စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့များ၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးသည့် တောင်သူများ စုစုပေါင်းအင်အား(၄၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်၊ ကျိုက်ဒုံ(ပြန်/ဆက်)