မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 

မိုင်းပျဉ်း   အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မဟာဓါတ်အားလိုင်းပြင်ပ ဆိုလာမီးဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို  အောက်တို ဘာလ ၄ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်     မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးနှင့် ဝန်ထမ်းများက မဟာဓါတ်အား လိုင်း ပြင်ပရှိ ပန်ဝိုင်ကျေးရွာအုပ်စု၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ မိုင်းမန်းကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇) ရွာတို့တွင် NEP ဆိုလာမီးလင်းရေး ကျေးရွာစီမံကိန်း ICB-4/ DRD-2 ဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် တစ်အိမ်သုံးဆိုလာစနစ်နှင့် အများသုံး ဆိုလာစနစ်များဆောင်ရွက်နေမှုအခြေအနေများကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ကမ္ဘာ့ဘဏ်အဖွဲ့၊ ဂျာမန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) စသည့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာအကူအညီ၊ ငွေကြေးအကူအညီများရယူပြီး နိုင်ငံတော်ဘတ်ဂျက်၊ ပြည်သူအချိုးကျ ထည့်ဝင်ငွေများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါမီးလင်းရေး ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ လျှပ်စစ်စွမ်းအင်ရရှိမှုနှင့်အတူ ပညာရေးတိုးတက်မြင့်မားလာစေခြင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာစေခြင်းစသည့် အကျိုးကျေးဇူးများကို ကျေးလက်နေ ပြည်သူများရရှိစေ မည်ဖြစ်ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

မေမွန်ထွဋ်၊ပြန်ဆက်