ခေါင်လန်ဖူး အောက်တိုဘာ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလက်အောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ (၂၇)ရက်နေ့အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင် စီမံကိန်းပေါ်ရှိလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါအဖွဲ့သည် စီမံကိန်း၌ တာဝန်ထမ်းဆောင်နေကြသော အင်ဂျင်နီယာဝန်ထမ်းများ၊ တပ်မတော်သားများ နှင့်ဒေသခံကုမ္ပဏီတို့မှ ဝန်ထမ်းများအားတွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာတာဝန် ထမ်းဆောင်စေရေး၊ လုပ်ငန်းခွင်၌ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခြင်း၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာ ရေးနှစ်တွင် ခေါင်လန်ဖူးမြို့သို့ ဆက်လက်ဖောက်လုပ်ရန်လျာထားသော လမ်းအူကြောင်းအား စစ်ဆေးခြင်း၊ ၎င်းလမ်းကြောင်းပေါ်ရှိ ရီဒမ်း၊ ခေါ်လာဒါဟို၊ ခေါ်ဘူဒဲ၊ ထလားလော်၊ နန်ဆယ်၊ ဝါးခယ်ဝါ၊ ထရီဝမ်ဂေါင်ကြေးရှာမြားမှ ကျေးရွာခေါင်းဆောင်များ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဂွေဇခေါင်လန်ဖူးလမ်း(၆၅/၄)မိုင်သည် ယခင်ကခြေလျင်ခရီးအဖြစ်သာ သွားလာခဲ့ကြရပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့်ကာလတွင် မဂွေဇ(၀/၀) မိုင်မှ ရီဒမ်းကြိုးတံတား (၄၃/၁)မိုင်ထိ ရာသီမရွေး ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းတင် မော်တော်ယဉ်များ သွားလာလျက်ရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရီဒမ်းကြိုးတံတားမှ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်ပြီးစီး ပါက (၄၈/၁)မိုင်အထိ မော်တော်ယာဉ်များ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးထံမှသိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)