တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နေပူဒဏ်ကာကွယ်ရန် နည်းလမ်းများအကြောင်း သိကောင်းစရာ (Talk Show)ကျင်းပ

တံတား ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နေပူဒဏ်ကာကွယ်ရန်နည်းလမ်းများအကြောင်း သိကောင်းစရာ (Talk Show)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ပူပြင်းသည့်နွေရာသီတွင်ဖြစ်ပွားတတ်သောရောဂါများနှင့်နေပူဒဏ်ကာကွယ်ရေးနည်းလမ်းများအကြောင်းကို မေးမြန်းဆွေးနွေးရာ ကြက်ခြေနီအဖွဲ့ဝင် ဒေါ်ဇာခြည်ဦးမှ ပူပြင်းသောနွေရာသီတွင် ဖြစ်ပွားနိုင်တဲ့ရောဂါများကတော့ နွေရာသီတွင်ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအနိမ့်ဆုံးအဆင့်မှာ အရေပြားလောင်၍ အသားအရေမွဲခြောက်ခြင်း၊ မှဲ့ခြောက်များဖြစ်ခြင်း၊ မျက်စိကျိန်းစပ်ခြင်းတို့ဖြစ်ပြီး အမြင့်ဆုံးထိတွေ့မှုမှာ အရေပြားကင်ဆာဖြစ်ခြင်း၊ သားသမီးမရနိုင်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်းခြင်း၊ အပူကြောင့်လေဖြတ်ခြင်း၊ ဖျားနာခြင်းနှင့်သွေးတိုးခြင်း၊ သွေးပေါင်ကျဆင်းခြင်း၊ နှာခေါင်းသွေးလျှံခြင်းတို့ဖြစ်သည်၊ ခရမ်းလွန်ရောင်ခြည် (UVR)သည် နေမှထုတ်လွှတ်သောရောင်ခြည်ထဲတွင် ရောနှောပါလာသည့် စွမ်းအားမြင့် လျှပ်စစ်သံလိုက်လှိုင်းများဖြစ်သည်၊ ခရမ်းလွန်ရောင်ခြည် အညွှန်းတိုင်းတာချက်အရ နံနက် (၁၀)နာရီမှ ညနေ(၄)နာရီအတွင်း နေရောင်ခြည်အောက်သွားလာလှုပ်ရှားခြင်းကို သတိပြုရှောင်ကျဥ်သင့်ကြောင်း၊ ပူပြင်းသောနေရောင်ခြည်အောက် မဖြစ်မနေသွားလာရမည်ဆိုပါက နေရောင်ခြည်နှင့်တိုက်ရိုက် မထိတွေ့အောင် မျက်နှာ၊ လည်ပင်း၊ ပခုံးတို့ကို အပူဒဏ်ကာကွယ်ပေးနိုင်သည့် ဦးထုပ်နှင့် (UV)ပါသော ထီးများဆောင်းရန်လိုအပ်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော အရောင်ရင့်ရင့်ထူထဲသော အဝတ်အထည်များဝတ်ဆင်ရန်လိုအပ်ကြောင်း၊ အသက်တစ်နှစ်အောက်ငယ်သော ကလေးများအား နေပူထဲသို့ခေါ်ဆောင်ခြင်းမပြုသင့်ကြောင်း စသည်တို့ကိုအသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် အဆိုပါ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပက်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန် Online မှတစ်ဆင့်ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)