ကော့သောင်း ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်နှံခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ လူစည်ကားရာနေရာများနှင့် ဈေးဆိုင်များတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ခရိုင်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကော့သောင်းမြို့ရှိ လူစည်ကားရာ အဝိုင်းပတ်နှင့်ကမ်းနားမြို့မဈေးလမ်းနှင့် စည်ပင်သာယာစျေးများတွင် သွားလာလျက်ရှိသော မော်တော်ယာဉ်များတွင်လည်းကောင်း၊ ကုန်ဆိုင်စုံဆိုင်များ၊ ဓာတ်ဆီဆိုင်များတွင် (191) စတေကာများ ကပ်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် အတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပြင်မသွားမီ သတိပြုရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပုံ/နည်းများ၊ ဆေးလိပ်သောက်ခြင်းတွင် လိုက်နာရမည့်အချက်များ စသောအကြောင်းအရာများ ပါဝင်ပြီး မီးလောင်ကျွမ်းမှုတစ်စုံတစ်ခု ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ ချက်ချင်းအကူအညီတောင်းခံနိုင်ရန်အတွက် အရေးပေါ်ဖုန်းခေါ်ဆိုနိုင်ရန် (191) စတေကာများကပ်နှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)