အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လားရှိုး ဧပြီ ၂၄

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းထွန်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် လေကြောင်းဆိုင်ရာပညာရပ်များကို စိတ်ဝင်စားသည့် ကျောင်းသားလူငယ်များအား အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ပြီး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး၊ လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များအား စိတ်ဝင်စားမှုပိုမိုတိုးပွားလာစေရေးနှင့် တပ်မတော်(လေ)အတွက် အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အခြေခံလေကြောင်းလူငယ်သင်တန်းမှ ထူးချွန်ကျောင်းသား/သူများသည် နောင်နှစ်တွင် ဖွင့်လှစ်မည့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း တက်ရောက်ရမည်ဖြစ်သည့်အတွက် ကြိုးစားသင်ယူကြရန်၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ စေတနာကို နားလည်သဘောပေါက်ပြီး အမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေးအတွက် နိုင်ငံတော်က အားထားရသည့် ပျံသန်းရေးဆိုင်ရာ ပညာရှင်များ၊ လေကြောင်းစက်မှုလက်မှုပိုင်းဆိုင်ရာ ပညာရှင်များ၊ မြို့ပြ လေကြောင်းဆိုင်ရာ ပညာရှင်များ ဖြစ်ပေါ်လာရေး ကြိုးစားအားထုတ်ဆောင်ရွက်နေထိုင်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းထွန်းမြင့်၊ လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းတို့က အခြေခံလေကြောင်းလူငယ်သင်တန်းအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက ခန်းမအတွင်း ပြသထားသော အခြေခံလေကြောင်းလူငယ်သင်တန်းနှင့်သက်ဆိုင်သည့် လေကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာ သင်ထောက်ကူပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)