ဟိုပန် ဧပြီ ၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁) နာရီက "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ် ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖ၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် နယ်မြေအလိုက် လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ "ဝ" ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ အသီးသီး လက်ခံရယူကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော MSMEs အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများနှင့် တိုင်းရင်းသားရိုးရာပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား စားစရာပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ဟိုပန် ပြည်သူ့ဆေးရုံအတွက် ဘက်စုံဖွံ့ဖြိုးရေးအတွက်အသုံးပြုနိုင်ရန် ထောက်ပံ့ငွေနှင့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ဟိုပန်ဆေးရုံအုပ်ကြီးမှ လက်ခံရယူပြီး မြသိန်းတန် ပရဟိတ္တစာသင်တိုက်ဘုန်းတော်ကြီးကျောင်းအားသွားရောက်၍ ဆရာတော်အား ဖူးမျှော် ကြည်ညိုကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ဟိုပန်မြို့တွင် ဖွင့်လှစ်ထားသော နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းအား သွားရောက်ကြည့်ရှု၍ သင်တန်းသား၊ သင်တန်းသူကလေးများအား ဗလာစာအုပ်၊ခဲတံနှင့် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများကပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်"ဝ" ကိုယိပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေကျပ်သိန်း(၄၀၀)ဖြင့် ဒေါ်ကြူကြူလှိုင် ဆောင်ရွက်မွေးမြူထားသော ဒေသနွား မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)