လွိုင်လင်မြို့ မွေတော်ကျောင်းတိုက်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပရေးညှိနှိုင်းစည်းဝေးကျင်းပ

လွိုင်လင်  ဧပြီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မွေတော်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကဝိဓဇ သက်တော် (၇၂)၊ ဝါတော် (၅၂)သည် ဧပြီလ ၂၂ ရက်နေ့ က ဘဝနတ်ထံပျံလွန် တော်မူ၍ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား အန္တိမ အဂ္ဂိဈာပန သဘင်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီက အဆိုပါကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ ဈာပနသဘင်ကျင်းပရေးအစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ် သည်။ ထို့နောက် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ( အဂ္ဂမဟာပဏ္ဍိတ) မှ ဩဝါဒစကားမိန့်ကြားပါသည်။‌ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်မှ သာသနာရေးဆိုင်ရာများလျှောက်ထားပါသည်။ ယင်းနောက် အထွေထွေဆွေးနွေးကြပြီး ဆရာတော် သံဃာတော်များအား ထပ်မံကန်တော့ကာ အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းလိုက်သည်။

အဆိုပါ မွေတော်ကျောင်းတိုက် ဦးစီးပဓာန နာကကဆရာတော် ဘဒ္ဒန္တကဝိဓဇ၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဆရာတော်၏တပည့်ဒါယကာများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်