ဒေါ့ဖုန်းယန် အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာခဲ့သည်။
ဒေါ့ဖုန်းယန်မြို့အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉)အုပ်စုတို့မှ မဲဆန္ဒရှင် ပြည်သူများ မဲစာရင်းမှန်ကန်မှု ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ် စတင်ကပ်ထား ကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု လျက်ရှိသည်။
ဒေါ့ဖုန်းယန်မြို့တွင် မဲရုံပေါင်း(၁၂)ရုံ၊ မဲဆန္ဒရှင်ပြည်သူပေါင်း (၈၇၁၉)ဦးရှိပြီး မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း မရှိပါက ပုံစံ(၃)တွင် ဖြည့်သွင်း တောင်းဆိုခြင်းဖြင့် လည်းကောင်း၊ မဲစာရင်း၌ပါရှိပြီး ပြင်ဆင်လိုသည်များရှိပါက ပုံစံ(၄)(သို့) ပုံစံ(၄-ဂ)တွင်ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဲစာရင်းကပ်ထားကြေညာခြင်းကို အောက်တိုဘာလ(၁၄)နေ့အထိ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း မြို့ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ရပ်/ကျေး စာရေးများထံမှ သိရသည်။
မြသက် (ပြန်/ဆက်)