ဒဂုံအရှေ့ ဧပြီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်အတူ ရန်ကုန်တိုင်း ဒေသကြီးမှ စာကြည့်တိုက်ဥပဒေနှင့် နည်းဥပဒေများ စာအုပ်ထုတ်ဝေထားပြီး ၎င်းစာအုပ်တွင် ပါရှိသော အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရှင်သန်ခိုင်မာ၍ စံငါးရပ်နှင့်ညီညွတ်သော စာကြည့်တိုက်ဖြစ်သည့် အမှတ်(၁)ရပ်ကွက် ရောင်ခြည်သစ်စာကြည့်တိုက် ကော်မတီအတွင်းရေးမှူး ဦးခင်မောင်ရှိန်နှင့် တွဲဖက်အတွင်းရေးမှူး ဦးဝင်းဌေးတို့မှ လက်ရှိတွင် ၎င်းတို့စာကြည့်တိုက် သည် စာကြည့်တိုက်မှူး ၂ ဦးအပါအဝင် ကော်မတီအဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းဖွင့်လှစ်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုများအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ စာပေဖတ်ရှုငှားရမ်းမှုများ၊ စာကြည့်တိုက်တွင် အသင်းဝင် ၇၀ ဦးရှိ၍ နေ့စဥ်ပုံမှန် ၂၅ ဦး ခန့်လာရောက်ငှားရမ်းလျက်ရှိကြောင်း၊ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မာရေးစာအုပ်၊ ရန်ပုံငွေ၊ စာကြည့်တိုက်မှူး၊ များအားစီစဉ်ဆောင်ရွက်မှု၊ စာကြည့်တိုက်အား တစ်ပတ်လျှင် ငါးရက်ခန့် နံနက်၉နာရီမှညနေ၆နာရီအထိ ဖွင့်လှစ်ထားရှိရာ နွေရာသီတွင် ကလေးငယ်များသည် စာကြည့်တိုက်သို့ လာရောက်ဖတ်ရှု ငှားရမ်းလျက်ရှိကြောင်း၊ လူကြီးများမှာလည်း ဘာသာရေးစာအုပ်၊ စိုက်ပျိုးရေးစာအုပ်များ အများဆုံးငှားရမ်းပေးရကြောင်း၊ မိမိတို့စာကြည့်တိုက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဖွင့်လှစ်သော အခြေခံစာကြည့်တိုက်သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး လှူဒါန်းသောစာအုပ်များကို မိမိတို့ရပ်ကွက်နေပြည်သူများမှာ လာရောက်ငှားရမ်းမှုများပြား လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲမင်းထက် ပြန်/ဆက်