ဒေါပုံမြို့နယ်တွင် လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Youth Club ဖွဲ့စည်းဆောင်ရွက်

ရန်ကုန် ဧပြီ ၂၂

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်များပါဝင်သည့် Youth Club ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက Youth Club များ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ လူငယ်များအနေဖြင့် Youth Club တွင် ပါဝင်၍ မိမိတို့ ဝါသနာပါရာ၊ စိတ်အားထက်သန်ရာများကို အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်ဆိုသည်မှာ စူးစမ်းရှာဖွေလိုစိတ် ထက်သန်သူများဖြစ်ရာ မိမိတို့လေ့လာထားသည်များကို ပြန်လည်မျှဝေနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဒေါပုံမြို့နယ် Youth Club အသင်း ဥက္ကဋ္ဌ ကိုကျော်မျိုးမင်းနှင့် အသင်းဝင်များက ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့  ဆက်ဆံရေးဦးစီးဌာန ၊ ဒေါပုံမြို့နယ် Youth Club ကို ဥက္ကဋ္ဌ ၁ ဦး နှင့် အဖွဲ့ဝင် ၉ ဦး စုစုပေါင်း ၁၀ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပြီး လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)