ထားဝယ် ဧပြီ ၂၂
၂၀၂၃ခုနှစ်၊ လူရည်ချွန်များလေ့လာရေးခရီးစဉ်အတွက် လူရည်ချွန်စုရပ်စခန်းများသို့ သွားရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန် ကျောင်းသားလူငယ်များ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက နိုင်ငံတော်အနေဖြင့် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်သော အစီအစဉ်များ အနက်ပညာရည်ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျန်းမာကြံ့ခိုင် သန်စွမ်းသောကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီး လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစပြီးဆောင်ရွက်ခဲ့ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ရေးလုပ်ငန်းများကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး ယခုတက်ရောက်လာကြသော တနင်္သာရီတိုင်းဒေသကြီးအဆင့်မှ ရွေးချယ်ခံရသော အဋ္ဌမတန်း(Grade-9)၊ ဒသမတန်း (Grade-10)နှင့် ဧကာဒသမတန်း (Grade-11)တို့မှ တစ်တန်းစီတွင် ကျောင်းသား(၃)ဦးစီကျောင်းသူ(၃)ဦးစီ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၈)ဦး တို့အနေဖြင့် ပုဂံ၊ တောင်ကြီး၊ ငွေဆောင် လူရည်ချွန်စုရပ်စခန်းအသီးသီးသို့ ဧပြီလ (၂၅) ရက်နေ့မှ မေလ(၄)ရက်နေ့အထိ လေ့လာရေးခရီးသွားကြရမှာဖြစ်ကြောင်း၊ ယခုလိုလူရည်ချွန်စခန်းအသီးသီးသို့ သွားရောက် လေ့လာသည့်အခါတွင် တိုင်းရင်းသားလူငယ်များ အချင်းချင်းတစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားတတ်ရန်၊ အတူယှဉ်တွဲစုပေါင်းနေထိုင်တတ်ရန်၊ ဒေသန္တရဗဟုသုတများ ရရှိလာရန်အတွက် အထူးလိုက်နာဆောင်ရွက်ပြီးကျောင်းသား၊ ကျောင်းသူအားလုံး၏ စံနမူနာပြလူရည်ချွန်များအဖြစ် ဆက်လက်ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန်မောင် မယ်များနှင့်အုပ်ချုပ်သူများအား ထောက်ပံ့ငွေကျပ်သိန်း(၂၀)ပေးအပ်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က လူရည်ချွန်ရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးမှ ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)