သရက်ချောင်း ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကာပြားများကပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာစျေးနှင့် မြို့မရဲစခန်းရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/ သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန်ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် စသည့်စိတ်ဝင်စားစရာ အကြောင်းအရာများပါဝင်သည်။
မီးဘေးနှင့်သဘာဝအန္တရာယ်ဖြစ်ပွားပါက ချက်ချင်း အကူအညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ဆက်သွယ်ရန် ဖုန်းနံပါတ် (191) စတေကာပြားများအား ခရီးသွားသည့် ကား/ဆိုင်ကယ်များရှေ့တွင်လည်းကောင်း၊ လမ်းဘေးဓာတ်မီးတိုင်များ၊ စျေးအတွင်းအပြင်ရှိ အများပြည်သူ မြင်သာသည့်နေရာများတွင် ကပ်နှိပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးခြင်းကို သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ သက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင် (၂၆၀၀)၊ စတေကာအသေး(၅၀၀၀)၊ စတေကာအကြီး(၃၆၀)တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ရာ တတိယအကြိမ် (၄၀)ရာခိုင်နှုန်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ သက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)