ဇေယျာသီရိ ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းသား/သူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် အခြေခံလူ့ကျင့်ဝတ်များကို သိရှိစေရန် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ သာယာကုန်းကျေးရွာအုပ်စု သက်တော်ရှည်ဆရာတော် ဦးဝိမလနှင့် သင်ကြားစီမံဆရာတော်များ၊ သာကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းသား/သူကလေးငယ်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သက်တော်ရှည်ဆရာတော် ဦးဝိမလနှင့် သင်ကြားစီမံဆရာတော်များထံမှ ပရိသတ်များက ငါးပါးသီလနှင့် ဩဝါဒစကားခံယူခဲ့ပြီး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များက ကျောင်းသား/ သူကလေးငယ်များအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ သာယာကုန်းကျေးရွာအုပ်စုမှ ကျောင်းသား/သူ ၉၀ ဦး တက်ရောက်သင်ကြားပြီး သင်တန်းတွင် ငါးပါးသီလ၊ ဗုဒ္ဓဝင် ခုနစ်နေ့ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀)ပါး၊ ယဉ်ကျေး ခြင်းအပိုင်း(၁)နှင့် (၂)၊ ယဉ်ကျေးလိမ္မာဆုံးမစာများအပိုင်း(၁)နှင့် (၂)၊ “ကန်တော့ကြမယ်”၊ ဒုစရိုက်(၁)ပါး စသည့်ဘာသာရပ်များကို ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)