နမ္မတူ ဧပြီ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လှုပ်ရှားဆောင်ရွက်တတ်စေရန်၊ အဆင့်မီ ဘင်ခရာတီးဝိုင်းပစ္စည်းများကို စနစ်တကျ သင်ကြားတတ်မြောက်ပြီး လက်တွေ့အသုံးချတတ်စေရန်နှင့် တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ကျောင်းတွင်းလှုပ်ရှားမှုအပြင် မြို့နယ်အခမ်းအနားများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဘင်ခရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လှုပ်ရှားအမှတ် (၁) စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူးကြီး ဗိုလ်မှုးကြီးကျော်ဇေဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင် ဘင်ခရာသင်တန်းအား သင်တန်းနည်းပြဆရာ (၂)ဦးဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး နေ့စဉ် နံနက် (၉)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ မွန်းလွဲ (၁)နာရီအချိန်မှ (၃)နာရီအချိန်အထိလည်းကောင်း စာတွေ့လက်တွေ့သင်ကြားပို့ချမည်ဖြစ်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လှုပ်ရှားအမှတ် (၁) စစ်ဗျူ ဟာအဖွဲ့၊ စစ်ဗျူဟာမှူးကြီး ဗိုလ်မှုးကြီး ကျော်ဇေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်ဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)