မိုင်းရှူး ဧပြီ ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟံသာမုနိလောကမာရဇိန်ဘုရား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော်ကျင်းပနိုင်ရန် အလှူငွေသိန်း(၁၅၀)ပေးအပ် လှူဒါန်းခြင်းနှင့် ပွဲတော်ဖြစ်မြောက်ရေး ဆပ်ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဥက္ကဋ္ဌဆရာတော်နှင့် တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး ဥက္ကဋ္ဌဆရာတော်က သြဝါဒမြွတ်ကြားသည်။ ဆက်လက်၍ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နည်းဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင် တို့က ပွဲတော်ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ လျှောက်ထားတင်ပြကြသည်။
ထို့နောက် ဥက္ကဋ္ဌဆရာတော်၊ နည်းဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဂေါပကအဖွဲ့များ ပွဲတော်ဖြစ်မြောက်ရေး အတွက် လိုအပ်သည်များ ဆွေးနွေးခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟံသာမုနိလောကမာရဇိန်ဘုရားလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော် ကျင်းပနိုင်ရန် အလှူငွေသိန်း(၁၅၀)ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ရတနာမြတ်သုံးပါးကို ကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)