ကျောက်ဆည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆန်စပါးကို အဓိကထား စိုက်ပျိုးကြကြောင်းနှင့် တောင်သူအချို့သည် အခြားဝင်ငွေရမည့် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ပင်တလယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မျှားနီတံဆိပ် ပန်းမုံလာသီးနှံတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၅)ထုပ် ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မြေဆွခြင်း၊ ပေါင်းမြက် သန့်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးနှင်ဆေး/ပိုးသတ်ဆေးဖျန်ခြင်း၊ ရေသွင်းခြင်းနှင့် အထွေထွေ ကုန်ကျစရိတ်အဖြစ် ငွေကျပ်(၅)သိန်းခွဲခန့် ကုန်ကျကြောင်း ပန်းမုံလာ စိုက်ပျိုးရောင်းချသူ ဦးဆန်းဝင်းက ပြောပြ၍ သိရသည်။
ပန်းမုံလာသီးနှံ တစ်ဧကတွင် အပင်အရေတွက် (၁)သောင်းနှစ်ထောင်ခန့် ဝင်ဆန့်ပြီး ရာသီဥတုနှင့် ပိုးမွှားဖျက်ဆီးမှုကြောင့် ခုတ်ယူရောင်းချချိန်တွင် ရောင်းတန်းဝင် အပင်အရေအတွက် (၈) ထောင်ခန့် ရောင်းချရကြောင်း ရောင်းချရာတွင် အဝယ်ဒိုင်များမှ စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုပြီ အရောင်းအဝယ်ပြုရာ ယခုအခါ ပန်းမုံလာပွင့် တစ်ပွင့်အား (၃၅၀)ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် ပန်းမုံလာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)