ပုဗ္ဗသီရိ ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ အမှတ်(၃) အခြေ ခံပညာ အထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ရွာတော်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် စာရေးကိရိယာများကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သိန်းသိန်းအေးထံ ပေးအပ်ကာတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို အချိုရည်နှင့်မုန့်များ ပေးဝေခဲ့သည်။
အဆိုပါ သင်တန်းသို့ ရွာတော်ကျေးရွာအုပ်စုမှ ကျောင်းသား/ကျောင်းသူ ၅၀ ဦးတက်ရောက် သင်ကြားပြီး သင်တန်းတွင် ငါးပါးသီလ၊ ဗုဒ္ဓဝင်၊ ခုနစ်နေ့ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀) ပါး၊ ယဉ်ကျေးခြင်း အပိုင်း(၁)နှင့် (၂)၊ ယဉ်ကျေးလိမ္မာ ဆုံးမစာများ အပိုင်း(၁)နှင့် (၂)၊ ကန်တော့ကြမယ်၊ ဒုစရိုက်(၁)ပါး စသည့်ဘာသာရပ်များကို ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အလားတူအမှတ်(၂၀)၊ အမှတ် (၉၇)၊ အ.လ.က (ရတနာဒီပ)၊ အ.မ.က(မူလွန်) အောင်သာယာကျေးရွာစသည့် အခြေခံပညာကျောင်းများနှင့် ညောင်လူးဘုန်းတော်ကြီးသင် ပညာကျောင်းများ၌လည်း အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)