သီပေါမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသဆောင်ရွက်

သီပေါ ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ကလေးအလုပ်သများပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသည့် အလုပ်လုပ်ကိုင်နေသည့်ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုနှင့် အလုပ်သမားဥပဒေဆိုင်ရာ အချက်များစသည့်အချက်များကို ကျောင်းသား၊ ကျောင်းသူကလေးများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးများက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအားမေးမြန်းခဲ့ကြရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)