ဘားအံ ဧပြီ ၂၀
နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးရန် ကျန်ရှိသည့် အရင်းမပျောက်မတည်ငွေများကို ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ကြစေလိုပြီး ခြောက်လ ပြည့်ပြီးသည့် ထုတ်ချေးပြီး ရန်ပုံငွေများကိုလည်း စနစ်တကျဖြင့်အတိုးနှုန်းများ ပြန်လည်ကောက်ခံကြရမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်က ရန်ပုံငွေမှ ထုတ်ပေးထားသည့် အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို အချိန်နှင့်တစ်ပြေးညီတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထပ်ဆင့်ဆွေးနွေး တင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ရန်ပုံငွေများကို တောင်သူများ လက်ဝယ် အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပေးနိုင်ရေး၊ မိုးသီးနှံစိုက်ဧကများအတွက် အချိန်မီချေးငွေထုတ်ချေးပေးနိုင် ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဆက်လက်ထုတ်ချေးပေးနိုင်ရန် တောင်သူများ၏ အဆိုပြုတင်ပြချက်များနှင့် အတိုးနှုန်းများ ပြန်လည်ကောက်ခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေး အားစိုက်ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အလားတူ ပြည်နယ်သူ၊ပြည်နယ်သားများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မပါလအမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းမှ ဆရာတော်ကြီး ၄၅ ပါးတို့သည် မြန်မာနှစ်ဆန်း(၂)ရက်နေ့တွင် ဘားအံမြို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်သရဇ္စျာယ်ကာ မေတ္တာပို့ပေးခဲ့ ကြသည်။
ဘားအံမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ဆရာ တော်ဘဒ္ဒန္တဓမ္မပါလ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဗိုလ်ချုပ်လမ်း တောင်တန်းသာသနာပြု(ဗဟို) ကျောင်းမှစတင်၍ နာရီစင်မီးပွိုင့်၊ မင်းတန်းလမ်း၊ ဘီအိုစီကွေ့၊ ကမ်းနားလမ်း၊ ရတနာဆင်ဖြူတော်လေးစီးနှင့်ဖားစည် အဝိုင်း၊ ထို့မှတစ်ဆင့် ဘားအံမြို့ရှောင်လမ်း၊ ရဲသာ(ကမော့ကစင်)လမ်းဆုံ၊ လှာကဒေါင်နဒုက္ခသုခံလမ်း၊ ဘားအံ-ကော့ကရိတ်လမ်းမှတစ်ဆင့် ရေကျော်-လှိုင်းဘုံ-လှာကမြင်လမ်း၊ မဲဘောင်၊ ဘားအံလှိုင်းဘွဲလမ်းဆုံမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း တောင်တန်းသာသနာပြု(ဗဟို)ကျောင်းသို့ လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်၍ ဘားအံမြို့သူ၊မြို့သားများ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ ဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် မေတ္တာပို့သပေးခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)