မိုင်းယုမြို့၌ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဟု ခန့်မှန်းထား

မိုင်းယု ဧပြီ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လှေပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကိ ဧပြီ ၂၉ ရက်နေ့မှ  မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် အဆိုပါမြို့၏ နမ့်လွေချောင်း သဲသောင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု ခန့်မှန်းထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို မိမိဒေသရှိ ဒေသခံတိုင်းရင်းသားဘိုးဘွားများ လက်ထက်မှစ၍ လူမှုရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စိုက်ပျိုးရေးများ တိုးတက်ကောင်းမွန်စေရန်နှင့် အခြားသဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုမှ ကာကွယ်နိုင်သည့် အယူအဆတို့ဖြင့်  ရိုးရာဓလေ့နတ်များကို ပူဇော်ပသကြပြီး သုံးနှစ်မှ တစ်ကြိမ်သာလျှင် ရိုးရာလှေလှော်ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ပြီး ပွဲတော်မပြုလုပ်ပေးပါက လူမှုစီးပွားရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်တတ်သည်ဟု ရှေးရိုးအစဉ်အလာအယူအဆများ ရှိခဲ့သောကြောင့် ယင်းပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့မိ၊ မြို့ဖများထံမှ သိရသည်။

ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ မေလထဲ၌ တစ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလတွင် ကျင်းပရန် နောက်တစ်ကြိမ်ကျရောက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါများ ဂယက်ထလာမှုကြောင့် ၂၀၂၂ ခုနှစ်၊ မေလက ကျင်းပပြုလုပ်မှုကို ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး ယခု ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် မြို့မရပ်ကွက်အနီးရှိ နမ့်လွေချောင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပပြုလုပ်သွားမည်ဟု မှန်းဆထားကြောင်း၊ ပြိုင်ပွဲရက်အား အတည်တကျ ဖြစ်စေရန်အတွက် ပြန်လည်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်းနှင့် မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာတွင်လည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုကိုနိုင်(မိုင်းယု)