မိုင်းခတ် ဇန်နဝါရီ ၂
ကလေးငယ်များ၏ စာဖတ်ရှိန်မြှင့်တင်စေရန်၊ ကလေးစာပေ တိုးတက်လာစေရန်၊ ကလေးများ စာအုပ်ဖတ်ရှုခွင့် ပိုမိုရရှိစေရန်၊ စာဖတ်တတ်သော ကလေးများမှ စာဖတ်သောလူကြီးများ ဖြစ်လာသည့်အခါ မိမိနှင့် မိမိမိသားစုကို ပိုမိုဂရုစိုက်လာနိုင်ရန်၊ လှုပ်ရှားရှင်သန်နေသည့် လူ့အသိုင်းအဝန်းတွင် ပိုမိုပါဝင် ပံ့ပိုးလာနိုင်ရန် ရည်ရွယ်၍ Third Story Project လူမှုအဖွဲ့မှ မိုင်းခတ်မြို့ ပြည်သူ့စာကြည့်တိုက်သို့ ရုပ်ပြပုံပြင် စာအုပ်များကို ယနေ့ နံနက် ကပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်များတွင် သက်ကယ်ကြိုးလေး၊ တောတွင်းသားများ၊ တံမြက်စည်းလေး တာဝန်ကျေ၊ ကိုကို ပိုပိုနှင့် ပိုက်ဆံစုရအောင် စာအုပ်များဖြစ်ပြီး ကလေးငယ်များ စိတ်ကောင်းထားတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်စေရန်၊ မိမိတန်ဖိုးကို သိရှိစေရန်၊ သူတစ်ပါးကို ပျော်ရွှင်မှုများ ပေးတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ရုပ်ပြပုံပြင် စာအုပ်များ ပါဝင်ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)