တောင်ဥက္ကလာပမြို့နယ် ပိတောက်သစ္စာရေကစားမဏ္ဍပ်သို့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ကြည့်ရှုအားပေး

တောင်ဥက္ကလာပ ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနစ်၊ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ကို အမှတ်(၉)ရပ်ကွက်၊ သစ္စာလမ်းမကြီးရှိ ပိတောက်သစ္စာ ရေကစားမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဆက်လက်ကျင်းပခဲ့ရာ ယနေ့မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပိတောက်သစ္စာရေကစားမဏ္ဍပ်တွင် တေးသီချင်းများဖြင့် ကပြ‌ဖျော်‌ဖြေ‌ခဲ့ကြ‌သော ယိမ်းအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် တာဝန်ရှိသူများ၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် သင်္ကြန်ချစ်မြတ်နိုးသူ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပိတောက်သစ္စာရေကစားမဏ္ဍပ်တွင် လှပျိုဖြူများ၏ ယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒီသာမဏ္ဍပ်တွင် ခေါက်ဆွဲကြော်များ၊ မုန့်လက်ဆောင်းများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ ‌အတာရေပက်ဖျန်းခြင်း များဖြင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)