မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် အထူးပင်စည်ကားလျက်ရှိ

တာမွေ ဧပြီ ၁၄

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ အတာရေသဘင် ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင်စည်ကားလျက် ရှိကြောင်း သိရသည်။

 “ သူငယ်ချင်းတွေနဲ့အတူ ဒီလမ်းလျှောက်သင်္ကြန်မှာ လာရောက်ပါဝင်ဆင်နွှဲဖြစ်တာပါ။ ဒီနှစ်သင်္ကြန်မှာ မြို့နယ်တိုင်းလိုလို ရေကစားမဏ္ဍပ် ဆောက်လုပ်ထားပြီး အထူးစည်ကားတာ မြင်ရတော့ အရမ်းကိုဝမ်းသာပီတိ ဖြစ်မိပါတယ်။ အခြားသော သူငယ်ချင်း မိတ်ဆွေတွေအနေနဲ့လည်း အိမ်တွင်းပုန်းမနေဘဲနဲ့ အိမ်ပြင်ထွက်ပြီး ဒီမြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု အင်းစိန်မြို့နယ်မှ လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်သူ တစ်ဦးကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး မဟာဗန္ဓုလပန်းခြံလမ်းတွင် ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများနှင့်အတူ ဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)