ထားဝယ် ဧပြီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကိုအေးချမ်း ပျော်ရွှင်စွာဖြင့် ဒေသအတွင်း မှပြည်သူများပါဝင်ဆင်နွှဲလျက်ရှိပြီး ယမန်နေ့သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာသင်္ကြန်မဏ္ဍပ်၊ တပ်နယ်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ဧည့်ခံဖျော်ဖြေမှုများအပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများ ဖြင့်ဧည့်ခံကျွေးမွေးမှုများနှင့်စည်းကားလျက်ရှိသည်။
ထိုသို့ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၊ ထားဝယ်တပ်နယ်မဏ္ဍပ် နှင့် အမှတ်(၉၂၄) ထောက်ပံ့နှင့်ပို့ဆောင် ရေးတပ်ခွဲမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များ ဖြင့်အေးချမ်းပျော်ာ်ရွှင်စွာရေကစားနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီးဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
ထားဝယ်မြို့တွင် ကျင်းပသည့် နှစ်သစ်ကူးပွဲတော်သို့ဒေသခံပြည်သူများ အေးချမ်းပျှော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကိုပါဝင်ဆင်နွဲလျက်ရှိကြောင်းသိရှိရပြီး မဏ္ဍပ်များသို့မြို့ပေါ် ရပ်ကွက်များနှင့်အမြို့မြို့အနယ်နယ်မှ ဝါသနာရှင်များက အေးချမ်းပျှော်ရွှင်စွာဖြင့်လာရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။
ရုံးပိတ်ရက်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုအလိုက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် မြို့ပေါ်သင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ် သင်္ကြန်ရေပက်ခံထွက်ကြပြီး အများပြည်သူရုံးပိတ်ရက်များတွင်နိုင်ငံ့ဝန်ထမ်းများနှင့်ကုမ္ပဏီဝန်ထမ်းတစ်ချို့ကလည်း မိမိတို့ကြိုတင်စီစဉ်ထားသော နေရာများသို့ဘုရားဖူး သွားကြပြီးဒေသန္တရဗဟုသုတများကို ရှာဖွေခဲ့ကြကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)