ကျီခါးမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေး

ကျီခါး  အောက်တိုဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့ပေါ်ရပ်ကွက်(၂)ခုရှိ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများ ‌မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဒုတိယအကြိမ်အဖြစ်၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှု စစ်ဆေး၍ မိမိအမည်မဲစာရင်းတွင် မပါ၀င်ပါကပုံစံ(၃)ဖြင့်လာ‌ရောက်လျှောက်ထားခြင်း၊ မပါ၀င်သင့်သူများ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်ခြင်းနှင့် အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် လာရောက် ပြင်ဆင်ခြင်းစသည့် လျှောက်ထား ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ပြီး လိုအပ်သော လျှောက်လွှာ ပုံစံများကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင်  အခမဲ့ရယူနိုင်ကြောင်းနှင့် ကျီခါးမြို့ပေါ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၃၅၀)ဦးရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဆလိုင်းလိန်းမာန်( ပြန်/ဆက်)