ပုဇွန်တောင်မြို့နယ်တွင် သုံးရေ ၁၆၀၀ ဂါလံ ဒုတိယအကြိမ် သွားရောက်လှူဒါန်း

ပုဇွန်တောင် ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် သုံးရေလိုအပ်လျက်ရှိသော အမှတ်(၆)ရပ်ကွက်သို့  ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က သုံးရေဂါလံ ၁၆၀၀ ဒုတိယအကြိမ် သွားရောက်ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသော အမှတ်(၆)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရေလိုအပ်လျက်ရှိသော ပြည်သူများ၏လိုအပ်ချက်အား ပူးပေါင်းဖြေရှင်းပေးလျက်ရှိရာ အမှတ်(၆)ရပ်ကွက်၊ နွယ်နီလမ်း၊ ပိတောက်လမ်း၊ ဂန္ဓမာလမ်း၊ မြခွာညိုလမ်းများရှိ အိမ်ထောင်စု(၅၀)ခန့်လောက် သုံးရေပြတ်လပ်နေမှုအား မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ (၁၆၀၀)ဆန့် (၂)ခေါက် ရေပေးဝေခဲ့ကြောင်း သိရသည်။

ယခုလှူဒါန်းသည့် အမှတ်(၆)ရပ်ကွက်သို့  ၃၂၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ ဂါလံ ၆၄၀၀ ကို ပုဇွန်တောင်မြို့နယ်ရှိ သုံးရေလိုအပ်နေသော ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဟန်စုယဉ်