သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

သုံးခွ ဧပြီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍  ယမန်နေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ ချစ်မင်းသူ"ရေးသားသည့်"ပန်းတိုင်အထွတ်အထိပ်သို့"  စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်(Book Club)အဖွဲ့၀င် ဦးအောင်ကျော်စိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် “ပန်းတိုင်အထွတ်အထိပ်သို့” ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် လူ့ဘ၀တွင်သက်တိုင်းအလိုက် ဖြတ်သန်းရသော အဆင့်အဆင့်များရှိပေရာ ထိုအဆင့်အဆင့်များသည် ဘ၀၏လှေကားထစ်များပင် ဖြစ်ကြပါကြောင်း၊ လူသားတိုင်း အဆိုပါလှေကားထစ်များကို ခြေလှမ်းမှန်မှန်ဖြင့် စနစ်တကျကျော်လွှား ပြီးမှသာလျှင် မိမိတို့၏ ရည်မှန်းချက်ပန်တိုင်သို့ မလွဲမသွေ ရောက်ရှိနိုင်မှာဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။‌

ထို့နောက် (Youth Club)အဖွဲ့၀င် မောင်ဇင်လင်းထက်က “အောင်မြင်မှု ကိုထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လောကကြီးတွင် ရိုးသားကြိုးစားနေသောလူတစ်ယောက်အတွက် အောင်မြင်မှုပန်းတိုင်သည် ရှေ့မှအမြဲယုံကြည်ဆီးကြိုနေသည်ကို ယုံကြည်ပါ၊ အိပ်‌ပျော်နေသော ယုန်တစ်ကောင်ထက် သွားနေသော လိပ်တစ်ကောင်က အောင်မြင်မှုပန်းတိုင်သို့ ဦးစွာရောက်ရပုံကို သတိပြုဆင်ခြင်သင့်ပေလိုကြောင်းစသည့် အကြောင်းအရာ များကိုပြောကြားသည်။

ဆက်လက်၍ (women club)အဖွဲ့၀င် မဒေါ်တင်မိုးဆွေက “ပန်းတိုင်ရောက်အောင်ဘယ်လိုသွားမလဲ” ခေါင်းစဉ်ဖြင့်  ဆွေးနွေးရာတွင် စိတ်ဓာတ်ခိုင်မာအောင်ကြိုးစား‌စေလိုကြောင်း၊ ရည်ရွယ်ချက်ထားရှိပြီး ပန်းတိုင်တစ်ခုကိုရွေးချယ်သတ်မှတ်နိုင်သောအရွယ်မှာ  ၁၅ နှစ်ကျော်၍ ၁၈ နှစ်ပြည့်မီသောလူငယ် အရွယ်တို့သည် ကျောင်းပညာသင်ကြားခဲ့သူများဖြစ်ပါက တက္ကသိုလ်၀င်တန်း(သို့မဟုတ်) တက္ကသိုလ်ကျောင်းသားများ ဖြစ်နေရမည့်အရွယ်ပင်ဖြစ်ပါ‌ကြောင်းစသည့်  စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆောင်ရွက်မှုအပြီးတွင် မြို့နယ်ရုံးမှပြသထားသော လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေးအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော စာပေချစ်သူများမှ စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

စည်သူလင်း ပြန်/ဆက်