တွံတေး ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေနိုင်ရန်အတွက် သင်္ကြန်ယိမ်းအဖွဲ့များ မတ်လတတိယအပတ်မှစတင်၍ သတ်မှတ်နေရာအသီးသီးတွင် အကတိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် မြို့မိ၊ မြို့ဖများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေသွားကြမည်ဖြစ်ပြီး လက်ရှိတွင် ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့မှာမိမိတို့၏ ရုံးတွင်အကတိုက် လေ့ကျင့်လျက်ရှိကာ ကျန်ရှိသည့် သင်္ကြန်ယိမ်းအကအဖွဲ့များမှာလည်း စုရပ်နေရာအသီးသီး၌ အကတိုက် လေ့ကျင့်လျက်ရှိသည်။
တွံတေးမြို့၌ မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေရေးများနှင့် သင်္ကြန်တစ်ပင်တိုင်အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား အဆိုပါမဏ္ဍပ်ရှေ့၌ ဌာနဆိုင်ရာများမှ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား