ကျောက်ဆည် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးသည် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး အရှင်အရဟံသိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာများဖြင့် သစ္စာအဓိဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများပြည့်ဝသော တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် လူသိများထင်ရှားလျက်ရှိပြီး မန္တလေးမြို့မြရိပ်နန္ဒာရပ်ကွက်တွင်နေထိုင်သည့် ဘုရားဖူးပြည်သူတစ်ဦးက ကျွန်တော်အခု ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးကို လာရောက်ဖူးမျှော်တာ အခုအခါနဲ့ဆို(၂)ကြိမ်ရှိပါပြီး အရင်တစ်ခေါက်လာတုန်းက ဒီဘုရားကြီးမှာ အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာတွေနဲ့ ပွဲထိုးပြီး မိမိလိုအပ်သောဆုများ ဆုတောင်းခဲ့တာပြည်ဝလို့ အခုတစ်ခေါက်လာရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း ပြောပြသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်ဘုရားကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညို နိုင်စေရေးအတွက် ဘုရားဂေါပကအဖွဲ့လူကြီးများက လုံခြုံရေးအဖွဲ့များနှင့်စနစ်တကျ စောင့်ကြည့်ကူညီပေးလျက်ရှိပြီး ဘုရားဖူးလာပြည်သူများ၏ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် လိုအပ်သည့်ကူညီမှုများလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)