ပုဇွန်တောင် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံရှိ နောင်လာနောင်သားများအား မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာ အတာသင်္ကြန်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာသင်္ကြန်ပွဲတော်ဖြစ်ပေါ်လာပုံ၊ သင်္ကြန်ဟူသော မြန်မာစကား၏ အဓိပ္ပာယ်၊ သင်္ကြန်ချိန်ခါပြုဖွယ်ရာများကို ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ မေမြတ်စန္ဒာက သင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာဝင်များ၏ ကောင်းမှုဆောင်ရွက်ချက်များ၊ သင်္ကြန်၏ထူးခြားချက်၊ လူငယ်များ ရှောင်ကြဉ်ရမည့်အချက်များကို ပြည့်စုံစွာရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဇွန်တောင်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ဖိတ်ခေါ်၍ နေ့ကြီး၊ ရက်ကြီးများနှင့်သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်