မိတ္ထီလာ ဧပြီ ၇
မိတ္ထီလာမြို့နယ် ရက်ကန်နှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သဘာဝဆိုးဆေးနှင့် Eco printing သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီးရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က သဘာဝအရင်းအမြစ်များကို အသုံးပြု၍ မြန်မာ့ရိုးရာရက်ကန်းနည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပန်းမှုတစ်ရပ်အနေ ဖြင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအနေဖြင့် လည်းကောင်း၊ ရိုးရာအဆင် ဒီဇိုင်းများအား သဘာဝဆိုးဆေးများအသုံးပြု၍ စျေးကွက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ သဘာဝဆိုးဆေးနှင့် Eco printing သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက်ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က သင်တန်းဆင်း လက်မှတ်များအားသင်တန်းသားသင်တန်းသူများအား ပေးအပ်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။၎င်းသင်တန်းကို ရက်သတ္တ ပတ် တစ်ပတ်ကြာဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်အသင်းအဖွဲ့ဝင်များ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်နှင့် သင်တန်းနည်းပြများ၊သင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)