သရက်ချောင်း ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဥ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံအဖြစ် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဒူရင်းသီးပေါ်ချိန်ဖြစ်၍ ဒူးရင်းသီးများ ရောင်းချကြရာမှ စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ရရှိကြောင်း ဥယျာဥ်ခြံ လုပ်ကိုင်သူတောင်သူများထံမှ သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဥ်ခြံလုပ်ကိုင်သူ တောင်သူများသည် ဒူးရင်းပင် စိုက်ပျိုးရာတွင် ကိုင်းကူးစနစ်နှင့် အရိုင်းပင်ဟူ၍ နှစ်မျိုးခွဲခြားစိုက်ပျိုးလျက်ရှိရာ အရိုင်းပင်ကိုသာ အဓိကထား စိုက်ပျိုးကြပြီး ဧပြီလဆန်းပိုင်းတွင် ဒူးရင်းသီးအနည်းငယ်မျှသာ ရရှိပြီး ဧပြီလနောင်းပိုင်းနှင့် မေလတို့တွင် ဒူးရင်းသီးပေါများစွာ ထွက်ရှိလျက်ရှိကြောင်း၊ ဧပြီလဆန်းပိုင်းတွင် ဒူးရင်းသီးစတင်ထွက်ပေါ်၍ စားသုံးသူများက ဝယ်ယူကြပြီး ယခုနှစ်တွင် ဒူးရင်းသီးစျေးနှုန်းမှာ အရွယ်အစား အကြီး၊ အသေး အလုံးပေါ်မူတည်၍ တစ်လုံးလျင် ငွေကျပ် ၄၀၀၀မှ ၈၀၀၀ကျပ်အထိစျေးကောင်းရရှိပြီး မြို့ပေါ်စျေးများနှင့် ထားဝယ်မြို့သွားရောက်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)