မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ် အဖြစ် ကြေညာပေး

ရန်ကုန် အောက်တိုဘာ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်  ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် သတ်မှတ်ချက်များနှင့် ပြည့်မီသူ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မိမိတို့၏ အချက်အလက်များမှန်ကန်မှု ရှိ/ မရှိ နှင့် မိမိတို့၏ အမည်စာရင်းများပါဝင်မှု ရှိ/ မရှိ တို့ကို စစ်ဆေးနိုင်ရန်အတွက် နောက်ဆုံးအကြိမ်အဖြစ် မဲန္ဒရှင်ပြည်သူ များစာရင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စတင်ကြေညာ ပေးထား ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများသည် ပထမအကြိမ် ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းတွင် သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ခဲ့သူများအနေဖြင့် ပြင်ဆင်ပြီးစီးမှု စာရင်းအားလည်း ကောင်း၊ ပထမအကြိမ်တွင်မကြည့်ရှုခဲ့ရသူများအတွက် မိမိ အချက်အလက် မှန်/ မမှန်အားလည်းကောင်း   ကြည့်ရှုရမည်ဖြစ်ပြီး အချက်အလက်များ မှားယွင်းပါက သတ်မှတ်ပုံစံများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး များတွင် တောင်းခံပြီး ပြင်ဆင်နိုင်ကြောင်း သိရသည်။ အဆိုပါ မဲစာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကြေညာပေးထားမှာဖြစ်ပြီး မဲစာရင်းများကို မိမိတို့၏ Computer နှင့် Mobile Phone များရှိ browser များမှတစ်ဆင့် http://findyourpollingstation.uec.gov.mm တွင် အချက်အလက်များဖြည့်စွက်၍ ကြည့်ရှုနိုင်ကြောင်းလည်းသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ     ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၂၀)တွင် မဲစာရင်းများ ကပ်ထား ကြေညာထားမှုများ၊ မဲစာရင်းစာအုပ်များထားရှိပေးပြီး ပြည်သူများ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရန် ဆောင်ရွက်နေမှုများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဲစာရင်းကြည့်ရှု နေမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)