ပြင်ဦးလွင်မြို့တွင် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း၏ မြင့်မြတ်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် ဧပြီ  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၈) ပိတောက်လမ်းတွင် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း၏ မြင့်မြတ်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားအား ဧပြီလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ စာကြည့်တိုက်အဆောက်အအုံ ရှေ့တွင်ကျင်းပရာ စာကြည့်တိုက် နာယကကြီးများနှင့် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ဆုရရှိထားသူ ကျောင်းသား/ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား စာကြည့်တိုက် မြေညီထပ်ခန်းမတွင် ဆက်လက်ကျင်းပရာ မြင့်မြတ်ဖောင်ဒေးရှင်းနာယက  ဦးရဲမြင့်က   မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းအား ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ချို့တဲ့နွမ်းပါးသော အခြေခံပညာ ကျောင်းသား/သူများ၏ ပညာသင်ကြားရေးတွင် ထိရောက်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း၊ စတင်တည်ထောင်ခဲ့ချိန်မှ ယခုနှစ် ၂၀၂၃ ခုနှစ်အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၇)အား မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း၊ ယင်းကျောင်းသားများထဲတွင် ဘွဲ့ရကျောင်းသား/သူ (၁၀) ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍ ပညာရေးကို အထောက်အကူဖြစ်စေရန် အမှောင်ခွင်း၍ အလင်းဆောင်ပေးမည့် မြင့်မြတ်စာကြည့်တိုက်အား ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်ရပ်ကွက်ကြီး (၈) ပိတောက်လမ်း အမှတ် (ထ/၅၇) တွင် ထပ်မံတိုးချဲ့၍ ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် ကလေးစာပေများ၊ လောကီရေးရာနှင့် လောကုတ္တရာရေးရာစာပေများ၊ သုတ/ရသ စာပေပေါင်းစုံကို စင်တင်ထားရှိပြီး မြန်မာဘာသာတင်မက အင်္ဂလိပ်ဘာသာနှင့် ရေးသားထားသော စာအုပ်များကိုပါ ထားရှိပေးထားကြောင်း၊ စာကြည့်တိုက်တွင် အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်ရန် ဝိုင်ဖိုင်စနစ်တပ်ဆင်ထားပြီး  စာကြည့်တိုက် အသင်းဝင်ကတ်ကို အခမဲ့မှတ်ပုံတင်၍ ငှားရမ်းနိုင်ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် မြင့်မြတ်စာကြည့်တိုက်သည် ပြင်ဦးလွင်မြို့နယ်အတွက် အသုံးဝင်သော စာကြည့်တိုက် တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ မြို့နေပြည်သူလူထုထံ အပ်နှံပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒေသခံများ၏ကိုယ်စား ဒေသခံပြည်သူ ဦးမြင့်ရွှေမှ စာကြည့်တိုက် ဖွင့်လှစ်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှပေးအပ်သော စာကြည့်တိုက်အတွက် လှူဒါန်းငွေများအား နာယကဆရာကြီး ဦးလူတင်မှ လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းသည် သင်းဖွဲ့မှတ်ပုံတင်အမှတ် ၆/ပြင်ဦးလွင်/၀၀၁ (၂၀၁၅) ဖြင့် ဖွဲ့စည်းခဲ့သည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး  ယခုထပ်မံဖွင့်လှစ်လိုက်သည့် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း စာကြည့်တိုက်သည် နှစ်ထပ်အဆောက်အအုံဖြစ်ကာ  မြေညီထပ်တွင် သုတ/ရသ စာအုပ်စင်များ၊ ကလေးစာဖတ်ခန်းနှင့် စာကြည့်စားပွဲများ ထားရှိပြီး အဆောက်အအုံ ပထမထပ်တွင် အစည်းအဝေး/သင်တန်းခန်းမတို့ပါ ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်းနှင့် စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့ လာရောက်လေ့လာပြီး စာပေများ ဖတ်ရှု/ငှားရမ်းနိုင်ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်ပြန်/ဆက်)