ပုသိမ်ကြီး ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၌ ကျင်းပခဲ့သော အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၃နာရီက အထကပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပသည်။
အစီအစဥ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး၊ ဆရာတော် ဘဒ္ဒန္တဃောသိတ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒနာယူကြည်ညို ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးညွန့်ဆန်းက သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ရွှေကြေးစည်ဆရာတော် က ၂၀၂၁-၂၀၂၂ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲကျင်းပမှုအား လျှောက်ထားကာ၊ တာဝန်ရှိသူများက အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ်များနှင့်တကွ လှူဒါန်းမှု ပစ္စည်းများအား အသီးသီးဆက်ကပ်ကြသည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ၌ သံဃာ၊ သီလရှင် စုစုပေါင်း (၁၆၆)ပါးတို့ အောင်မြင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်